Thursday, July 12, 2012

အချစ် နှင့် ဆင်ကြယ် ဖိနပ်


ချစ် နှင့် ဆင်ကြယ် ဖိနပ
ကျွန်တော်ငယ်စဉ်က စီးခဲ့တဲ့ ဖိနပ်အများစုက ရာဘာ ဖေါ့ ဖိနပ်များပါ၊ တံဆိပ်မျိုးစုံ အရောင်မျိုးစုံတဲ့ ဖိနပ်တွေပေါ့။
ရာဘာဖိနိပ် စီးတဲ့သူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခ ကတော့ ဖိနိပ်ကို အမြဲ တိုက်ချွတ် ဆေးကြောရတဲ့ အလုပ်ပါ။ ရာဘာဖိနိပ်ကို ပုံမှန် ဆပ်ပြာနှင့် သွားပွတ်တံ အဟောင်း သုံးပြီး တိုက်ချွတ် မဆေးကြောရင် ဂျီးတွေတက်ပြီး အင်မတန် အကြည့်ရ ဆိုးလွန်းပါတယ်။ မိုးတွင်းဆို အင်္ကျီမှာ ဖားဥတွေစွဲ သလို ဖိနပ်မှာ အမဲကွတ်တွေနဲ့ အရုပ်ဆိုးလွန်းလှပါတယ်။
ရာဘာဖိနပ် တွေထဲမှာ ယိုးဒယားကလာတဲ့ ဆင်ကြယ် တံဆိပ် ဖိနပ်ကတော့ ဈေးအကြီးဆုံးနဲ့ လူကြိုက် အများဆုံးပါ။ အဲဒီ ခေတ်က အခြားရာဘာ ဖိနပ်တွေနဲ့ နှိုင်းယှဉ်ရင် ဆင်ကြယ် ဖိနပ် က သိသိ သာသာ သေသပ် လှပ ခိုင်ခန့်တယ်၊ ဈေးနှန်း ကလဲ အဆများစွာ ကြီးတယ်။
ကျွန်တော့မိဘတွေက သာမန် အစိုးရ ၀န်ထမ်း တွေပါ၊ ဆင်ကြယ် ဖိနိပ်ကို အမြဲတမ်း ၀ယ် မပေးနိုင်ပါဘူး၊ တခြား ရာဘာ ဖိနပ် တွေကိုပဲ ပုံမှန် စိးရတာပေါ့။ ကျောင်း စတက်ရတဲ့ နေ့မှာ တော့ ဆင်ကြယ် ဖိနပ် အသစ် တစ်ရံ ၀ယ်ပေးလေ့ရှိတယ်။ ကျောင်းဝတ်စုံအသစ် လွယ်အိတ်အသစ် ဖိနပ်အသစ် နဲ့ အတန်းသစ် ကို လှမ်းလို့ပေါ့။
 ဖိနပ်အသစ် စစီးတဲ့နေ့ တွေမှာ ရင်ကော့ ခေါင်းမော့လို့ ပျော်တပြုံးပြုံးနဲ့ ဆင်ကြယ် ဖိနပ် လေးကို ပုံမှန် တိုက်ချွတ် ဆေးလို့ပေါ့။
ဘယ်လောက်ပဲကောင်းပါစေ သင်္ခါရ သဘောကို မလွန်ဆန်နိုင်ပါဘူး၊ ဟောင်းလာမယ် ပြီးရင်ပျက်မယ်။
တခြား ရာဘာ ဖိနပ်တွေရဲ့ သက်တမ်းက  နဲနဲ ဟောင်းလာတာနဲ့ မကြာခင်မှာ ပျက် တယ်၊ ဘာဖြစ်လဲ လွှင့်ပစ် လိုက်ပေါ့။
ခက်တာက ဆင်ကြယ် ဖိနပ် ကြတော့ ခိုင်လွန်းတယ်၊ တော်တော်လေး ဟောင်းလာတာတောင် မပျက်နိုင်ဘူး။ ဖိနပ်ကို ဘယ်လိုပဲ တိုက်ချွတ် ဆေးကြောပါစေ ကြည့်လို့ မြင်လို့ မကောင်းတော့ဘူး။ ဈေးကြီးပေး ၀ယ်ထားရတာဆိုတော့ နောက်ထပ် တစ်ရန် (sorry ပဲ) မ၀ယ်ပေးဘူး။ ကျွန်တော့မှာ တော့ အဲဒီ ဆင်ကြယ် ဖိနပ်ကြီးကို မစီးခြင်တော့ဘူး ၊ ဘယ်လို လုပ်ရမလဲ ?
လွယ်ပါတယ်----- မိဘတွေ မသိအောင် ဖိနပ် သဲကြိုးကို ခဲတံ ချွှန်တဲ့ ဒါးနဲ့ တနေ့ကို နဲနဲ လှီးပေါ့ ၊ ပျက်ရာလေးစရင် မကြာပါဘူး စီးနေရင်းနဲ့ ပျက်ရာလေးက ကြီးလာတယ် ၊ လုံးဝ မပျက်သေးခင် မိဘ တွေကို သတင်းပို့၊ ဟဲဟဲဟဲ ပိုင်ပါတယ်။
အသစ် နောက် တစ်ရံ ဆင်ကြယ် ဖိနပ် မမျှော်လင့်နဲ့ ၊ ရိုးရိုး ရာဘာဖိနပ်ပဲ ရမယ် ။ ကျွန်တော် ၀မ်းမနဲပါဘူး ၊ “ဟောင်းပြီး မလိုခြင်တော့တဲ့ အချိန်မှာ ဆင်ကြယ် ဖိနပ်ကို ပစ်လို့မှ မရတာ”။
ကျွန်တော့ရဲ့ ဘ၀မှာ လှပတဲ့ အချစ် တခုကို ရထားတယ် ၊ ခိုင်မြဲတဲ့ အချစ်လို့လဲ ထင်ပြီး တန်ဖိုးထားတယ် ၊ ကျွန်တော့အတွက်တော့ အကောင်းဆုံးပေါ့ ။ အချစ်ဆိုတာ အလိုလို အမြဲတမ်း သစ်လွင်တောက်ပ နေမည်ပေါ့။
အမြဲသစ်လွင် နေမယ်လို့ ထင်ထားတဲ့ အချစ်တွေ တဖြည်းဖြည်း အရောင်မှိန်လာတော့ ကျွန်တော် မလိုခြင်တော့ဘူး။
ဆင်ကြယ် ဖိနပ်ကိုပဲ ကျွန်တော် မလိုခြင်တော့တဲ့ အချိန် မှာ စွန့်ပစ်လို့ ရအောင် လုပ်တတ်တယ် ၊ အချစ်ကို ဘယ်လို လုပ်ရ မလဲဆိုတာ သိရင် ပြောကြပါဦး ။
ကုမာရ စက်ပြင်း
၆၈.၀၀ Kg.
၁၂-၀၇-၂၀၁၂
၁၆:၃၀ နာရီ (GMT + 3:30)
                                                                                           ၂၃.၅ .C
                                                                                          

Tuesday, November 22, 2011

YIT မှာ ဂေါက်ခဲ့ ဖူးသည်



ကျွန်တော်တို့ YIT စတက်တော့ စာသင်ချိန်မှာ စက္ကူမြှား လေးတွေ နဲ့ ကောင်မလေးတွေရဲ့ ဆံနွယ်တွေကြား ထိုးစိုက် ခဲ့ ကြ ဖူးတယ်။ ကျောင်မှာ မိန်းကလေးက လူနည်းစု ဆိုတော့ အတန်းရဲ့ ရှေ့ဆုံး အတန်း နှစ်တန်းမှာ ပဲ ထိုင်လေ့ ရှိကြတယ်၊ မြှားအပစ်ခံရတဲ့ မိန်းကလေးတွေ လဲ အပစ်ခံရတာ သူတို့အတွက် ရိုးနေတော့ ဘယ်သူ ပစ်သလဲလို့ လှည့်မကြည့်ကြတော့ ကျွန်တော်တို့အတွက် ပစ်ကွင်းကောင်းပေါ့။
အချို့သော မိန်းကလေးတွေဆို တပြိုင်ထဲ မြှားလေးငါး စင်း ခေါင်းမှာ လာစိုက်တာ ခံရတယ်၊ ကျွန်တော်တို့ တိုင်ပင်ပြီး ပစ်တာ မဟုတ်ပဲနဲ့ ဖြစ်သွားတာပါ။
          အတန်းဖော် မိန်းကလေးတွေကို ကြည်စယ်လိုတဲ့ သဘောနဲ့ ပစ်ကြတာပါ၊ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ ရေးသလို ကျွန်တော်တို့ရဲ့ စက္ကူမြှား တွေမှာ ဘာချစ်ခြင်းမှ မပါ ပါဘူး။
          ဆံပင်အုံ ကောင်းတဲ့ ရုပ်ချောတဲ့ မိန်းကလေး တွေ ဆို စက္ကူမြှား ဒဏ်ကို အခံရဆုံးပေါ့။  
          အဲလိုနဲ့ ပထမနှစ်ကို Lecture တွေကြိုးစားမှတ် စက္ကူမြှားလေးတွေပစ် Eco, Rc2 သွားလည် နဲ့  ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး ဒုတိယ နှစ်ကို ရောက်လာကြတယ်၊
ဒုတိယနှစ်မှာ ကျွန်တော့တို့ ကျောင်းသူ/သား တွေ စာကို အစွမ်းကုန် ကြီုးစားကြပါတယ်၊ ဒုတိယနှစ် စာမေးပွဲ ရမှတ်နဲ့ ကျွန်တော်တို့ လိုခြင်တဲ့ အထူးပြု Engineer ဘာသာရပ် ကို ရွေးရမှာမို့ပါ၊ လူတိုင်းလူတိုင်း ရည်ရွယ်ချက် ကိုယ်ဆီနဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း အကုန်ထုတ် သုံးကြတယ်။
တချို့ သော ကျောင်းသား/သူ တွေ စာတွေ ကျက်မှတ်ရ လွန်းလို့ ဂေါက် သွား (ရူးသွား) ကြတယ်။ ဘယ်သူတော့ ဂေါက် သွားလို့ ဆိုတဲ့သ သတင်း က ဒုတိယနှစ် ကျောင်းသူ/သား တွေ နေ့တိုင်း ပြောဖြစ်တဲ့ သတင်းပါ။
ဒါပေမယ့် စက္ကူမြှား ပစ်တဲ့ အကြင့်ကတော့ ပျောက်မသွားပါ ၊ နည်းတော့ နည်းသွားတာပေါ့။
ဒုတိယနှစ်ကျောင်းသား ကျွန်တော် သူများတွေ နည်းတူ အစွမ်းကုန် ကြိုးစား ရတာ ခေါင်းတွေပူ ရင်တွေပူ ပေါ့ ၊ သူများတွေလို လိုချင်တဲ့ ဘာသာရပ် မရမှာ ပူ၊ လူတိုင်းနီးပါး ကျွန်တော့်လို ပဲလို့ ထင်ပါတယ်။
တစ်နေ့ သင်္ချာ အချိန်မှာ ဆရာမ က စေတနာ အပြည့်နဲ့ သင်ပေးနေတယ် ၊ တစ်တန်းလုံးက အာရုံစိုက်လို့ အပ်ကျသံ ကြားရလောက်အောာင် တိတ်ဆိတ်နေတယ်၊ ခက်တာက ဆရာမ သင်တာကို ကျွန်တော် မလိုက်နိုင်ဘူး။
အဲဒီတော့ ကျွန်တော် ဘာလုပ်သလဲ ဆို ဗလာစာရွက် တစ်ရွက် ကို သေးသေးလေး ဖြစ်အောင် စိမ်ပြည်နပြည် ဖြဲ ပြီး စက္ကူမြှား ကို အသေအချာ ထိုင်လုပ်တယ် ၊ စာသင်စားပွဲပေါ်မှာ တင်ပြီးတော့ကို လုပ်တာ။
မြှားလုပ်ပြီးတော့ ဘယ်သူ့ကို ပစ်ရင်ကောင်းမလဲ ဆိုပြီး ဆံပင်ကောင်းတဲ့ ကောင်မလေးကိုရှာတယ် ၊ လက်က မြှားကိုလေထဲမှာ  ကိုင်ထားရင်းနဲ့ ပေါ့။ ပစ်ရမယ့် ဆံပင်လည်းတွေ့ရော အသေချာချိန် မြှားကို ရှေ့တိုး နောက်ဆုတ်လုပ် အားယူ ပြီး ပစ်လိုက်တယ် ၊ ပစ်မှတ်ကို ထိသွားတော့ ၀မ်းသာအားရ နဲ့ ပြုံးလို့ပေါ့။ အဲဒီ အချိန်တုန်းက ပတ်ဝန်းကျင်နဲ့ စာသင်နေတဲ့ ဆရာမကို လုံးဝ (လုံးဝ) ကို သတိမထားမိဘူး။
ကျွန်တော်တို့ စာသင်ရတဲ့  Lecture အခန်းက စာသင်ခုံတွေက ရှေ့ဆုံးကနေ အနောက်ကို တစ်ဆင့်ချင်း မြင့်တက်သွားတဲ့ Theatre အခန်းတွေပါ ၊ ကျွန်တော် ပြောချင်တာက ဆရာ တွေ စာသင်တဲ့အခါ ကျောင်းသူ/သား တွေအားလုံး ဘာတွေ လုပ်နေလဲဆိုတာ ကို အထင်ရှား မြင်ရတာ ပေါ့။
ကျွန်တော်ထိုင်တာက ရှေ့ဆုံးကနေ လေးတန်းမြောက် ဆိုတော့ ကျွန်တော် စာရွက် စ ဖြဲတဲ့ အချိန်ထဲက ဆရာမက ကျွန်တော် လုပ်နေတာကို အစဆုံးကြည့် နေရင်း စာသင် နေတာ။
ကျွန်တော် လည်း ကိုယ့်ဘာ ကိုယ် ဘာ လုပ်နေမှန်း မသိ ၊ စိတ်နဲ့ ကိုယ် မကပ် ၊ မြှား ပစ်လိုက်ပြီး ဆရာမ ပြောတော့ မှ အသိပြန်ဝင်ပြီး ရှက်လိုက်တာ။
အဲဒီအချိန်က စာမရလို့ ကျွန်တော် တဒင်္က ဂေါက် သွား တာ ပဲဖြစ်ရမယ်။
                                                                                           ကျော်မင်းမင်း
                                                                                           ၂၂.၁၁.၂၀၁၁       
                                                                                           ၁၉:၀၆ နာရီ
                                                                                           ၂၂.၄ .C
                                                                                           ၆၈.၂ Kg.

Wednesday, October 26, 2011

YIT အမှတ်တရ


ကျွန်တော်တို့ YIT စတက်တော့ ပထမနှစ်မှာ “ဘော..ဘဲ” ဆိုတဲ့ စကားလုံးက တော်တော်လေးကို ရေပန်းစားတယ်၊ ပထမတော့ ဆဲတဲ့ စကားလုံးပါ၊ နောက်တော့ ခင်မင်ရင်းနှီးစွာပြောတဲ့ “အာလုတ်စကား” လေးတစ်ခု ဖြစ်လာတယ်။
စကားတစ်ခုခု ပြောရင် “ဘော..ဘဲ” ဆိုတဲ့ စကားလုံးက အမြဲပါတယ်။ “ဘော..ဘဲ” ပြောလို့ ဘယ်သူကမှ စိတ်ဆိုးစရာလို့ မထင်ကြပါဘူး။
သူငယ်ချင်း တွေ လမ်းမှာတွေ့လို့ နှတ်ဆက်ရင်တောင် “ဟေ့ကောင် ဘော..ဘဲ” လို့ နှတ်ဆက်တာ သူငယ်ချင်းတွေရဲ့ ထုံးစံလို ဖြစ်နေတယ်။
အချို့ကောင်မလေးတွေတောင် ယောင်ပြီးတော့ “ဘော..ဘဲ” လို့ ပြောတာ ကြားခဲ့ဘူးတယ်။
အမှတ်တရလေး တစ်ခုအနေနဲ့ ပြန်ရေးလိုက်တာပါ ၊
သူငယ်ချင်းတို့ရေ ……………. “ဘော…ဘဲ”
                                                                                        ကျော်မင်းမင်း

Wednesday, June 22, 2011

ကျွန်တော်လူလည် (၁)

ကျွန်တော်လူလည် (၁)
2004 က S’pore မှာကျွန်တော့်သင်္ဘော Docking တင်တော့ ညနေအလုပ်နားချိန် မြို့ထဲလည်မယ်ဆိုပြီး  Dockyard ရှေ့က Bus စီးပြီးထွက်လာတယ်။ ပထမဆုံးအကြိမ် S’pore မှာ Bus စီးခြင်း တယောက်ထဲ အပြင်ထွက်လည်ခြင်းပေါ့….
          ဘယ်မှတိုင်မှာဆင်းရမယ်ဆိုတာမသိ၊ အဖော်မပါတစ်ယောက်ထဲ၊ ငါလူလည်ပါကွ လူစည်ကားတဲ့တနေရာမှာ ဆင်းမယ်ပေါ့ ဟဲဟဲဟဲ….။ အဲလိုနဲ့လမ်းတလျှောက်အပြင်ကိုမပြတ်ကြည့်လာမိတယ်(ပြူးပြီးတော့ကိုကြည့်တာ) ဆင်းမယ့်နေရာကိုရှာတာ။ Dockyard ကလာတာဆိုတော့ လမ်းတလျှောက် စက်ရုံအလုပ်ရုံ တွေပဲတွေ့တယ်၊ တိုက်တွေထိုးထိုးထောင်ထောင်မတွေ့ဘူး။
          Bus ပေါ်မှာလေ့လာကြည့်တော့ ဆင်းမယ့်မှတ်တိုင်ရောက်ခါနိးမှာ Bell ခလုပ်လေးကိုနှိပ်ရင် မှတ်တိုင်မှာရပ်ပေးတယ်၊ OK ကျွန်တော်မှတ်ထားလိုက်တယ်။
          အဲလိုနဲ့လာခဲ့တာ အတော်ကြာတော့ ထိုးထိုးထောင်ထောင် တိုက်တွေ စတွေ့တယ်၊ ဟုတ်ပြီ အဲဒီမှာဆင်းမယ်ဆိုပြီး Bell ခလုတ်ကိုနှိပ်လိုက်တယ်။ Bus ပေါ်မှာပါလာတဲ့လူအကုန်လုံးနီးပါး ကျွန်တော့ကိုဝိုင်းကြည့်ကြတယ်၊ ကျွန်တော့စိတ်ထဲမှာ ဘာလို့လဲပေါ့……….Bus ကရပ်ပေးတယ်   Boom Lay Bus Terminal ကိုးဗျ။
ကျော်မင်းမင်း

ကျွန်တော်လူလည် (၂)

ကျွန်တော်လူလည် (၂)
ကျွန်တော် Malay စကားကိုနဲနဲတတ်ပြီး များများပြောခြင်တယ်၊ Indoesia ရောက်တော့တွေ့သမျှ Indoesia လူမျိုးတွေနဲ့ Malay လိုပြောတယ်။ ( Malay  နဲ့ Indo စကားတူတာကိုး ၊ ကိုယ်ပိုင်စာလုံးမရှိတော့ English စာလုံးနဲ့ သူတို့အသံထွက်ရေးတော့ လေ့လာရတာလဲလွယ်တယ်)
ဈေးဝယ် စားသောက်ဆိုင်သွား Malay  လိုပဲပြောတယ်၊ ကျွန်တော့တို့မြန်မာတွေရဲ့ရုပ်ရည်က Malay, Indo တွေနဲ့တူတော့ ပုံမှားရိုက်တာပေါ့။
တနေ့စားသောက်ဆိုင်တဆိုင်ကိုရောက်တယ်၊ ကျွန်တော့ထုံးစံအတိုင်း Malay လိုပြော Menu က English စာလုံးနဲ့ သူတို့အသံထွက်ဆိုတော့ခပ်တည်တည်နဲ့မှာ အဆင်ကိုပြေလို့၊ စားပွဲထိုးကောင်မလေးကမေးတယ် ဘာသောက်မလဲတဲ့ Coffee လို့ခပ်တည်တည်ပြောလိုက်တော့ထပ်မေးတယ်၊ မေးခွန်းထဲမှာကျွန်တော်သိတဲ့စကားလုံးပါတယ် “ အပူလား အအေးလား လို့မေးတာသဘောပေါက်လိုက်တယ်” သူမေးတဲ့အထဲမှာ အအေး ဆိုတဲ့စကားလုံးကိုသိတယ်။ သောက်ခြင်တာက အပူ၊ အဲဒီအချိန်မှာ အပူဆိုတဲ့စကားလုံးကို ရုတ်တရပ်ပြောမထွက်ဘူး မေ့နေတယ်၊ အဲဒီတော့ ကျွန်တော်လူလည်ပဲ “အအေး” လို့ခပ်တည်တည်ပြောပြီးမကြိုက်တဲ့ ကော်ဖီအေးကိုကြိတ်မှိတ်သောက်ခဲ့တာပေါ့။
ကျော်မင်းမင်း

Lost In Translation

Lost In Translation
ကျွန်တော်ကြိုက်တဲ့စာပေအမျိုးစားထဲမှာ Modern လို့ခေါ်တဲ့စာပေပါတယ်၊ Post Modern လို့ခေါ်တဲ့ “Modern အလွန်” ကို အလွန် ကြိုက်မိတယ်။
ပညာရေးနဲ့ပတ်သက်ရင် “Post Graduate” ဆိုတာကို အလွန်သဘောကျတယ်။
 (“Post Mortem” ကိုတော့မကြိုက်ပါ)
စာရေးရင်လဲ “Post Script” (PS) ကျွန်တော့စာအောက်ခြေမှာ အမြဲပါလေ့ရှိတယ်။
အချိန်နဲ့ပတ်သတ်ပြီး “Post Meridiem” (PM) ဆိုတာနဲ့ ရင်းနှီးခဲ့တယ်။
တနေ့ TV အစီစဉ်ဇယား ကနေ “Postman”  ဆိုတဲ့ ဇတ်ကား ကြေငြာတာတွေ့တယ်၊ အဲဒီရုပ်ရှင်ကားကို  ကျွန်တော်စိတ်ဝင်စားသွားတယ်။ “Super Man, Bat Man, Spider Man, X-Man” ဇတ်လမ်းတွေ နံမည်ကြီးနေတော့
”Post Man”  ကိုကျွန်တော်ဘာသာပြန်မိတာ သဘာဝထက် သာလွန်တဲ့လူ ပေါ့ ဆီလျော်ပါတယ်နော်……
“Post Man” ဆိုတာဘယ်လိုဇတ်လိုက်လဲပေါ့၊ Super Man, Bat Man, Spider Man, X-Man တွေထက်သာအောင် ဘယ်လိုသရုပ်ဆောင်မလဲပေါ့။
          အဲဒါနဲ့ အဲဒီဇတ်ကားကိုစောင့်ကြည့်မိတယ်၊ အားလားမား “Postman”  ဆိုတာ စာပို့သမား ဗျ။
ကျော်မင်းမင်း

သူငယ်ချင်း စာရေးဆရာ

သူငယ်ချင်း စာရေးဆရာ
ကျွန်တော်ငယ်ငယ်က စာတွေဖတ်ပြီး စာရေးဆရာတွေကိုသဘောကျခဲ့တယ်၊
ကျွန်တော်တို့ခောတ်က မဂ္ဂဇင်းတချို့မှာ စာရေးဆရာတွေရဲ့စရိုက်ကိုဖေါ်ပြတဲ့ ဆောင်းပါးတွေ မကြာခဏပါတယ်။ ဘယ်လိုပုံစံလဲဆို- “လွတ်လွတ် လပ်လပ် နေမယ်၊ အ၀တ်စား ဖိုသီဖတ်သီနဲ့ ငွေကြေးကိုဂရုမစိုက်၊ ဆင်းရဲကြတယ် အနုပညာသည် ---------အတွက်လို့ကြွေးကြော်ကျတယ် ”
စာရေးဆရာဆိုတာ “လွယ်အိတ်တလုံးနဲ့ ရှပ်အင်္ကျင်္ီလက်ရှည်ကြယ်သီးမတပ်၊ ဆေးပေါ့လိပ်လက်ကြားညှပ်၊ နေ့ဖက် လ္ဘက်ရည်ဆိုင်  ညနေဘုံဆိုင်၊ အိမ်ကမိန်းမနဲ့ကလေးတွေစားစရာမရှိ၊” ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ဖက်တွေက စံပြပါရမီဖြည့်ဘက်၊ ယောက်ျးကို အထင်ကြီးလေးစားပြီး အားပေးတယ်။ (တချိန်ထဲမှာပဲ မဂ္ဂဇင်းကာတွန်းတွေမှာ စာရေးဆရာမိန်းမတွေက ထမင်းအိုးအလွတ်မှောက်ပြတာ နို့ဆီဘူးအခွံနဲ့ ဆန်အိုးဖင် ခြစ်ပြတာ……. မကြာခဏပါတယ်။)
          စာရေးဆရာဆိုရင် အပ်ါမှာဖေါ်ပြခဲ့တဲ့ပုံစံကိုပဲမြင်မိ သဘောကျမိတယ်။
စာရေးဆရာတွေနဲ့ပက်သက်ပြီး ရူးခဲ့တာတစ်ခုပြောရရင် ၃၃လမ်းထဲမကြာခဏလျောက်ပြီး လေထန်ကုန်းမှာ ထိုင်နေသမျှလူတွေကိုအကဲခတ်ခဲ့တယ်၊ ကျွန်တော်သိထားတဲ့ပုံစံနဲ့စာရေးဆရာကိုရှာတာ။
စာရေးဆရာတွေနဲ့ခင်မင်ခြင်ခဲ့တယ်၊ သူတို့ရေးတဲ့စာတွေကိုသဘောကျတာရော မဂ္ဂဇင်းတွေကနေသိခဲ့တဲ့ပုံစံကို သဘောကျတာတွေကြောင့်ရောပေါ့။ ဒါပေမယ့် စာပေအသိုင်းဝိုင်းနဲ့မနီးစပ်တာကြောင့် စာရေးဆရာမိတ်ဆွေမရှိခဲ့ပါ။
ကျွန်တော်တက္ကသိုလ်ရောက်တော့ “သားလတ်” နဲ့စခင်တယ်၊ တမြို့နယ်ထဲအတူနေတာရယ် Classmate ဖြစ်တာရယ်ကြောင့်ခင်ခဲ့တယ်။ သူစာရေးမှန်းအစကမသိခဲ့ပါ နောက်မှစာရေးစရာမှန်းသိတာ။ စာရေးစရာတွေနဲ့ ခင်ခြင်တဲ့ကျွန်တော့်ဆန္ဒပြည့်ခဲ့တယ်။
သူစာရေးဆရာမှန်းသိထဲက သူ့ရဲ့ကလောင်အမည် “သားလတ်” လို့ပဲအမြဲခေါ်ခဲ့တာ ယနေ့အထိပေါ့။
ကျွန်တော့သူငယ်ချင်း စာရေးဆရာရဲ့ပုံစံက အထက်မှာကျွန်တော်ဖေါ်ပြခဲ့တဲ့ပုံစံနဲ့လုံးဝမဆိုင်ပါ၊ အ၀တ်စားသပ်သပ်ရပ်ရပ် ရည်ရည်မွန်မွန် နဲ့ ကျာင်းစာလဲတော်တဲ့လူငယ်လေးပေါ့၊ ကျောင်းစာတော်သလို စာတွေလဲအများကြီးရေးနိုင်တဲ့ စာရေးဆရာပေါ့။
အခုဆို ကျွန်တော်တို့ခင်ခဲ့တာဆယ်ခုနှစ် ၂စုပြည့်တော့မယ်။ သားလတ်ရဲ့ကိုယ်ပိုင် BLOG တင်နိုင်တာကိုဝမ်းသာမိတယ်။
သားလတ်ရဲ့ Masterpiece ကိုစောင့်မျှော်နေတယ့်
ကျော်မင်းမင်း
စာကြွင်း သားလတ်ရေ မင်းပထမနှစ်က published လုပ်ထားတဲ့ ကဗျာစာအုပ်လေး အခုထိသိမ်းထားတယ် တချိန်မှာ ဈေးကောင်းရမလားလို့ ဟဲဟဲဟဲ………
HIP HOP သီချင်းတပုဒ်လောက် စကားပြေပြန်ပေးပါဦး။